အဆုတ်ကောင်းမကောင်း အိမ်မှာတင်စစ်ဆေးနိုင်မယ့် နည်းလမ်းများ
နေ့စဥ်အသက်ရှူနေရတဲ့ အဆုတ်လေးတွေ ကျန်းမာနေဖို့က အသက်နဲ့အမျှ အရေးကြီးတယ်နော်။ ကိုယ့်ရဲ့ အဆုတ်ကလေးတွေ ကျန်းမာအောင် နေထိုင်စားသောက်ဖို့ လိုသလို အဆုတ်လေးတွေရဲ့ ကျန်းမာရေး ကောင်းမကောင်း သိဖို့ကလည်း လိုတယ်မဟုတ်မလား။
အဆုတ်ကောင်းမကောင်း သိနိုင်ဖို့ ဆေးရုံဆေးခန်းထိ သွားစရာမလိုဘဲ အိမ်မှာစစ်ဆေးပြီး အကြမ်းဖျင်းသိနိုင်တဲ့ နည်းလမ်းတချို့လည်း ရှိတာမို့ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။
စက်အသုံးပြုပြီး စစ်ဆေးနိုင်မယ့် နည်းလမ်းများ
အဆုတ်ကောင်းမကောင်းကို အိမ်မှာပဲ လွယ်ကူရိုးရှင်းစွာ စစ်ဆေးနိုင်မယ့် စက်တချို့ ရှိပါတယ်။
(1) Home Spirometer
Spirometer ဆိုတာက အဆုတ်ကနေ ၁ စက္ကန့်အချိန်အတွင်း ရှူထုတ်လိုက်တဲ့ လေပမာဏဖြစ်တဲ့ Expiratory Volume at 1 Second (FEV1) ကို တိုင်းတာပေးတဲ့ စက်ကိရိယာတစ်မျိုး ဖြစ်ပါတယ်။ မတ်မတ်ထိုင်ကာ လေကိုတဝကြီးရှူသွင်းပြီး စက္ကန့်အနည်းငယ်ခန့် အသက်အောင့်ပြီးနောက် စက်မှာပါတဲ့ ပါးစပ်နဲ့တေ့မှုတ်ရတဲ့ ပြွန်ကလေးကနေ လေမှုတ်သွင်းလိုက်ပြီး ရလာတဲ့ အဖြေက ကိုယ်ရဲ့ အသက်အရွယ်၊ အရပ်အမြင့်၊ လိင်အမျိုးအစားတွေမှာ ရှိသင့်တဲ့ ပမာဏရဲ့ ၇၀-၈၀% ခန့်ရှိရင် အဆုတ်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ စက်ကို အသုံးပြုဖို့၊ အဖြေကို တွက်ချက်နိုင်ဖို့ ကျွမ်းကျင်သူဆီက အရင်သင်ယူထားဖို့တော့ လိုအပ်ပါတယ်။
(2) Peak Flow Meter
Peak Flow Meter ကလည်း လေမှုတ်သွင်းရတဲ့ လက်ကိုင်စက်တစ်မျိုးဖြစ်ပြီး ရှူထုတ်လိုက်တဲ့လေရဲ့ စီးဆင်းနှုန်းကို တိုင်းတာပေးတာပါ။ စက်က green zone မှာ ပြနေရင် လေအဝင်အထွက်ကောင်းပြီး စိုးရိမ်စရာ မရှိတာ ဖြစ်ပါတယ်။ Yellow Zone မှာ ပြနေရင် လေပြွန်တွေက ကျဥ်းနေပြီး လေဝင်လေထွက် မကောင်းတဲ့အတွက် နေ့စဥ်ပုံမှန် အလုပ်တွေမှာ အမောမခံနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ Red Zone မှာ ပြနေရင်တော့ လေပြွန်တွေက ပိတ်နေတာ၊ လေပြွန်မကြီးတွေပါ ကျဥ်းနေတာမျိုး ဖြစ်နိုင်ပြီး လမ်းလျှောက်တာ၊ စကားပြောတာမျိုးမှာတောင် မောနေတတ်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။
(3) Pulse Oximeter
Pulse Oximeter ကတော့ Covid ကာလမှာ လူတိုင်းနီးပါး သိကြတဲ့ သွေးထဲက အောက်ဆီဂျင်ပမာဏနဲ့ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ စက်ကလေးပါ။ လက်ညှိုး သို့မဟုတ် လက်ခလယ်မှာ ညှပ်ထားပြီး တိုင်းတဲ့အခါ 95% နဲ့အထက်ဆိုရင် ပုံမှန်လို့ သတ်မှတ်လို့ ရပါတယ်။
(4) Smartphone Application
အဆုတ်နဲ့ ပတ်သတ်ပြီး စမ်းသပ်လို့ရတဲ့ Lung Care လို Application တွေကတဆင့် အဆုတ်ကောင်းမကောင်းကို အကြမ်းဖျင်း စစ်ဆေးကြည့်လို့လည်း ရပါတယ်။
စက်မပါဘဲ စစ်ဆေးနိုင်မယ့် နည်းလမ်းများ
(1) အမောခံနိုင်မှု
တိုက်ခန်းတွေရဲ့ ၂ ထပ်စာအမြင့် လှေကားတွေကို အနားမယူဘဲ တောက်လျှောက်တက်နိုင်ရင် အဆုတ်ရော နှလုံးပါ ကောင်းတယ်လို့ ယေဘုယျ သတ်မှတ်လို့ ရပါတယ်။
(2) အသက်ရှူပုံကို ကြည့်ခြင်း
အသက်ရှူတဲ့အခါ ရှိုက်ရှူတာ၊ အားယူနေရတာ၊ နာကျင်တဲ့ပုံပေါက်နေတာ၊ လည်ပင်းတဝိုက်က ကြွက်သားတွေကိုပါ အသုံးပြုနေရတာမျိုး မရှိဘဲ သက်တောင့်သက်သာ ပုံမှန်ရှူနေရင် အဆုတ်အခြေအနေ ကောင်းတယ်လို့ ပြောလို့ရပါတယ်။
(3) နာရီအသုံးပြုပြီး စမ်းသပ်နည်း
အသက်ကိုဝအောင် ရှူသွင်းပြီး ၁ စက္ကန့်အောင့်ထားပါ။ ပြီးရင် ပါးစပ်ကိုဟပြီး အဆုတ်ထဲက လေတွေကုန်သွားတဲ့အထိ ၄ စက္ကန့်ကနေ ၆ စက္ကန့်အတွင်း ခပ်ပြင်းပြင်း ရှူထုတ်ပါ။ ရှူထုတ်ချိန်က ၆ စက္ကန့်ထက်ကြာနေရင် လေပြွန်တွေ ကျဥ်းနေတာ ဖြစ်နိုင်ပါတယ်။
(4) ရောဂါလက္ခဏာ ရှိမရှိ စောင့်ကြည့်ခြင်း
နာတာရှည်ချောင်းဆိုးတာ၊ ချောင်းဆိုးရင် သွေးပါတာ၊ အမောမခံနိုင်တာ၊ သလိပ်တွေထွက်နေတာ စတာတွေက အဆုတ်ရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ စဥ်းစားသင့်ပါပြီ။
ဒီနည်းလမ်းတွေနဲ့ စစ်ဆေးကြည့်တဲ့အခါ အဆုတ်က ပုံမှန်မဟုတ်ဘူးလို့ သံသယရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ပိုမိုတိကျသေချာတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ရောဂါရှာဖွေ ကုသဖို့ လိုအပ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်